မဲခေါင်မြစ်ဘေး ခပ်ဝေးဝေးကြည့်. ..

ဒီလို ညနေတွေဆို သူယောင်ချာချာ
ဖြစ်သွားတတ်တယ်။ တစ်ပတ်လုံး သူ့အပေါ် ပုံကျသမျှ အလုပ်တွေ ကုန်းရုန်းလုပ်ပြီးလို့
ဒီအချိန်ရောက်ရင် ဘာလုပ်စရာမှ မရှိတော့။
ဘာမှ
လုပ်စရာမရှိတော့ သာယာတာပေါ့လို့ ဘေးအမြင်နဲ့လည်း ပြောလို့ မရဘူး။
ရည်ရွယ်ချက်ကြီးနဲ့ ယုန်နောက်လိုက်တဲ့ခွေးတစ်ကောင်လို တဟုန်းထိုး လိုက်ပြီးမှ
ရုတ်ချည်း ရပ်လိုက်ရတာကလည်း ဟန်ချက်ကို ခပ်ပြင်းပြင်းထိုးနှက်လိုက်တာပဲ မလား။
လူလိုသူလိုဆို သွေးရူးတန်းရူး မဟုတ်ဘဲ အေးဆေးပုံမှန်လေး လုပ်စရာရှိတာလုပ်
အားတဲ့အခါ မိသားစုနဲ့ ဟိုနားဒီနား သွား ၊ သူငယ်ချင်းတွေနဲ့ တစ်ပတ်တစ်ခါလောက်
ဘီယာသောက် ၊ ကောင်းတာလုပ်ချင်ရင် ဘုရားတက် ၊ ပြဿနာနည်းချင် အိမ်ထဲနေ ၊
အသက်ကြီးလို့ သေသွားတာမှ မဟုတ်ရင် ဘယ်နည်းနဲ့မှ မသေချင်တဲ့ ပုံမှန်လူတစ်ယောက်လို
နေချင်တာပါ။
အမှန်တော့
ဒီလို ပြောတာကိုက ပုံမှန်ဘဝနဲ့ သွေဖီနေတာမလား။ တကယ့် ပုံမှန်ဆိုတာ မထင်ထားတာတွေ
လာမယ်။ မယုံနိုင်တာတွေ ကြုံရကြားရမယ်။ အခြေခံအကျဆုံး စားဝတ်နေရေး ကပ်နဲ့ အကျပ်အတည်းကိုတောင်
မကျော်နိုင်တာတွေ ရှိမယ်။ သူငယ်ချင်းဆိုတာကလည်း သူလည်း ရုန်းကန် ကိုယ်လည်း မဟန်နဲ့
တိုင်ပတ်နေတာ များမယ်။ ဘုရားသွားရအောင်လည်း ဘုရားတွေ နေရာရွှေ့သွားသလို ထင်ရအောင်
ကိုယ်နဲ့ဘုရား ဝေးပြီးရင်း ဝေးနေမယ်။ အိမ်ထဲနေရအောင်လည်း အခုခေတ်မှာ အိမ်နဲ့ ယာနဲ့
သားနဲ့ မယားနဲ့ အတူတူ ပျော်ပျော်ကြီးနေနိုင်ဖို့ဆိုတာ တကယ့်ကုသိုလ်။ သူလိုကိုယ်လို
လူအတော်များများက တကယ့် အိမ်စစ်စစ်ကို မေ့ကိုထားရအောင် ဝေးသွားကြပြီမလား။ သူကိုယ်တိုင်အောင်
သူ့အိမ်မှာ မဟုတ်တော့။ နောက်ပြီး လူကြီးရောဂါနဲ့ သာသာယာယာ သေချင်တဲ့ ဆန္ဒကလည်း အတော်ခက်တယ်။
တော်ရုံတန်ခိုးရှင်တောင် ပေးနိုင်မှာ မဟုတ်တဲ့ ဆုတောင်း။
ဒီတော့လည်း ဘာမှ
လုပ်စရာမရှိမယ့် အတူတူ သူ့ရဲ့ ငြီးငွေ့စရာအခန်းလေးထဲက ထွက် ၊ ဆူညံနေတဲ့
သူတို့စုရပ်လေးကို ခွာပြီး လမ်းလျှောက်ဖို့ ပြင်တယ်။ လျှောက်ဆို သိပ်အဝေးကြီး
သွားစရာတော့ မရှိ။ မြစ်ဘေးကိုပဲ လမ်းလျှောက်ထွက်ခဲ့တယ်။ သူနေတဲ့ နေရာကိုက မြစ်နဲ့
ကိုက် ၁၅၀ ထက်တောင် မဝေး။ မြစ်နဲ့ သူတို့အကြား တောရိုင်းအုပ်အုပ်က ခြားထားတယ်။
ရှုပ်ထွေးစေးပျစ်နေတဲ့ တောထဲက မြေပြန့်ပြန့် သန့်ထားတဲ့ ကွင်းထဲမှာ နတ်စင်တစ်ခု
ရှိတယ်။ နတ်စင်ရဲ့ ရှေ့နား ပေ ၃၀ လောက်အကွာမှာ နတ်ဇရပ် ရှိတယ်။ မြေပေါ် တိုင်တွေ
ဒီအတိုင်း တင်ထားပြီး ဝါးနဲ့ ထောက်ထားတဲ့ နှစ်ထပ်ဇရပ်လေး။ ဇရပ်အပေါ်ထပ်မှာ ၁ ပေခွဲ
နှစ်ပေအမြင့် သစ်သားပြားလေးတွေ ပတ်ပတ်လည် ဒူးပိတ်လို ရိုက်ထားတာ ရှိမယ်။ တစ်ခါတစ်ခါ
ရိုးရာနတ်ပွဲနဲ့ ပူဇော်ပသပွဲတွေ ရှိရင် ဇရပ်ပေါ်ပဲ ချက်စားကြ , သောက်စား
ပျော်ပါးကြနဲ့။ ဘေးကကြည့်ရတာကိုက ပျော်ဖို့တော့ အကောင်းသား။
နတ်စင်နဲ့
ဆန့်ကျင်ဘက် ရွာပတ်လမ်းလေးအတိုင်း လျှောက်လာရင် ကွင်းပြင်ပြူးပြူး ရှိမယ်။ နယ်က
တက်လာတဲ့ ကုန်ကားတွေ ဒီကွင်းထဲ စတည်းချတတ်ကြတယ်။ ကွင်းပြင်ရဲ့ နံဘေးတစ်ဖက်တစ်ချက်မှာ
ရဲစခန်း နဲ့ အုပ်ချုပ်ရေးမှူးရုံး ၊ ရုံးဟိုဘက်မှာ ဆေးခန်းတစ်ခု ၊
မျက်နှာချင်းဆိုင်မှာ တရုတ်လူမျိုးပိုင် အုတ်စက်လုပ်ငန်း။ ဒီကနေ ဆက်သွားရင်
ရွာလေးနဲ့ ဝေးရာ ... တိတ်ဆိတ်ရာဆီ ရောက်ရော့မယ်။ မြစ်ဟိုဘက် ဒီဘက်ကို ကူးသန်းဖို့
အနီရောင် ကြိုးတံတားတစ်ခု ရှိမယ်။ ကိုက် ၅၀ သာသာလောက် ရှည်မယ့် တံတား။ တံတားရဲ့
ထိပ်မှာ အလွှာထပ်ထပ်နဲ့ တောင်တွေကို ပက်ပင်းကြီး တွေ့ရမယ်။
တံတားအောက်မှာ
မြစ်။ ဟိုးအဝေးတစ်နေရာကနေ မောကြီးပန်းကြီး စီးဆင်းလာတဲ့ မဲခေါင်မြစ်။ နိုင်ငံ ၆
နိုင်ငံဖြတ်လာတဲ့ မြစ်ပဲ။ နည်းတဲ့ ရာဇဝင်ဇာတ်ထုပ်တွေလား။ ပြောစရာတွေမှ
အများကြီးရှိတဲ့ မြစ်မျိုးလေ။ ငါးမျိုးစိတ် စုံလင်ပြီး ဒေသခံတွေအတွက် လျှပ်စစ်ကနေ
အိမ်ဆောက်ပစ္စည်းအထိ ထုတ်လုပ်ပေးနေတဲ့ မြစ်။ လူသန်းပေါင်း ဆယ်ချီကို သွားလာရေးကနေ
စားဝတ်နေရေးအထိ ထောက်ပံ့ပေးနေတဲ့ မြစ်။ ယဉ်ကျေးမှုအစုံအလင် ကို အကုန်အစင်
မြင်ခဲ့တဲ့ အတွေ့အကြုံရင့်မြစ်ပဲ။ ဒီမြစ်ပေါ်ကနေ တရားဝင်သွားတဲ့ ကူးသန်းမှုတွေရော
၊ တရားမဝင်တဲ့ ရောင်းဝယ်မှုတွေရော ရှိလိမ့်မယ်။ မဲခေါင်အော်ပရေးရှင်းဆိုပြီး မူးယစ်ရာဇာ
စိုင်းနော်ခမ်းကို ဖမ်းဆီးခဲ့ပုံကို ဇာတ်လမ်းဆင်ပြီး တရုတ်ဘက်က ရိုက်ထားတဲ့
ရုပ်ရှင်ကားတစ်ကား ကြည့်ဖူးတယ်။ ရုပ်ရှင်ထဲမှာကိုပဲ မြစ်ရိုးဟာ အန္တရာယ်တွေ
စီးနေသလို ထင်ရတယ်။ ဒီမြစ်ကို ကူးပြီး တစ်ဖက်နိုင်ငံထဲ ရောင်းစားခံရတဲ့သူတွေ
ရှိသလို အလုပ်လုပ်ချင်လို့ ဒီမြစ်အတိုင်း ဆန်ပြီး တစ်ဖက်နိုင်ငံထဲ ဝင်ခဲ့သူတွေလည်း
အပုံကြီးပေါ့။
မဲခေါင်မြစ်ရေ
တဝုန်းဝုန်းကြီးခဲ့တဲ့ ပြီးခဲ့တဲ့ မိုးတွင်းတစ်ရက် အားလုံးလိုလို အဆောင်ထဲ
ကုပ်နေတုန်း ဂိမ်းရုံနားမှာ ဒုက္ခသည် မြန်မာမလေးတစ်ယောက် တွေ့လို့ ဆိုတဲ့
သတင်းကြားရတယ်။ ကောင်မလေးက နှစ်ဆယ်စွန်းစွန်းလေး။ ဖလန်နယ် လက်ရှည်လေးတစ်ထည်နဲ့
ထမီတိုတိုပဲ သူ့ကိုယ်မှာ တွေ့ရတယ်။ မိုးနစ်နေလို့ သူ့ခမျာ ခိုက်ခိုက်ကို
တုန်နေတယ်။ မစားမသောက်ရတာလည်း ဘယ်လောက် ရှိပြီ မသိ။ ချမ်းတာရော ဆာတာကြောင့်ပါ
သူ့တစ်ကိုယ်လုံးက လှိမ့်လှိမ့်တုန်နေတယ်။ ဂိမ်းခုံထဲက မြန်မာတွေ တွေ့ပြီး
အကူအညီတောင်းပါမှ သူ့ဇာတ်ကြောင်းကို ကြားရတာ။ သူ့အသိ အစ်မတစ်ယောက်က ဒီရွာကလေးနဲ့ ၂
နာရီလောက် သွားရမယ့်မြို့မှာ အလုပ်လုပ်ဖို့ဆိုပြီး လှမ်းခေါ်လို့ လာတာတဲ့။ အရင်
၃-၄ နှစ်လောက်ကတော့ ဒီဘက်ကို ရောက်ဖူးသလို အမျိုးတချို့လည်း ရှိတော့ ကောင်မလေးက
တစ်ယောက်တည်း အရဲစွန့်လာတာပါ။ ခေါ်ထားတဲ့ အစ်မနဲ့ အချိန်းအချက် လုပ်တာက စစ်တပ်ဂိတ်အကျော်လေးမှာ။
ကားပေါ်
ရောက်ပြီးမှ သူ့ကို တရုတ်မယားအဖြစ် ရောင်းစားဖို့ ဆိုတာ ကလေးမလေးက ရိပ်မိတာ။
မှတ်ပုံတင်နဲ့ ဖုန်းလည်း အသိမ်းခံလိုက်ရပြီ။ ဒါနဲ့ ရေလိုက်ငါးလိုက် နေပြီး လမ်းတစ်နေရာ
စားသောက်ဖို့ ရပ်တော့ အလစ်မှာ တောလမ်းအတိုင်း ပြေးလာတာတဲ့။ မဲခေါင်မြစ်ကို မြင်တော့
မြစ်ကြောအတိုင်း စုန်ဆင်းပြေးလာတာ။ သူရောက်တဲ့နေရာကနေ မြစ်အောက်ဘက် သွားရင် ဒီမြို့တစ်ပိုင်း
ရွာလေးကို ရောက်မယ်ဆိုတာတော့ သူသိတာကိုး။ နောက်က လူပွဲစားတွေ လိုက်လို့
ဝါးရုံတောထဲမှာ တစ်ညလုံး ပုန်းခဲ့တယ်တဲ့။ ပွဲစားတွေ လက်လျှော့ ပြန်သွားတော့မှ
ဝါးရုံတောကထ, အခု ရွာရှိတဲ့ဘက်ဆီ ပြေးခဲ့တာတဲ့။ ဒီအရောက် ပုန်းလိုက် ပြေးလိုက်
လာတာ ၃၆ နာရီထက် မနည်းဘူး။ ထွက်ပြေးလာကတည်းက ထမင်းတစ်နပ်မှလည်း မစားရသေးဘူးတဲ့။
အားလုံးလည်း ဒုက္ခရောက်လာတဲ့ ဒီကလေးမလေးကို ကျွေးမွေးပြီး ရသလောက်
ပိုက်ဆံစုလှူလိုက်ကြတယ်။ နောက် သူသွားချင်တဲ့ နေရာရောက်အောင်ပါ ဆိုင်ကယ်နဲ့
လိုက်ပို့လိုက်ကြတယ်။ ကိုယ့်ပြည်ထဲမှာ ဒုက္ခရောက်လို့ ဒီဘက်ရောက်လာသူတွေက
နောက်မှရောက်လာတဲ့ ဒုက္ခသည်ကလေးမလေးကို မဲခေါင်မြစ်ကို တစ်ခါကျော်ပြီး
မြန်မာပြည်ဘက်အခြမ်းက သူ့အမျိုးတွေ ရှိရာဆီ လိုက်ပို့လိုက်တဲ့အဖြစ်ပေါ့။ ဒီအဖြစ်မျိုး
ဘယ်လောက်များပြီလဲ ဆိုတာ ဘယ်သူမှမသိနိုင်။
မဲခေါင်ကတော့
သူနဲ့ မဆိုင်တဲ့အတိုင်း စီးဆင်းသွားတာပါပဲ။ မြစ်က စီးမြဲကိုး ဆိုတဲ့ စကားလိုပေါ့။
တစ်ခါတစ်ခါ ဘာမှ လုပ်စရာမရှိရင်လည်း မြစ်ထဲ ခုန်ချပစ်ဖို့ ကောင်းတာပါပဲလို့
သူတွေးမိတယ်။ တကယ်လို့ အခုနေ သူမြစ်ထဲ ခုန်ချလိုက်ရင်လည်း သူ့ကို
သယ်နှစ်သွားမှာပါပဲ။ “မြစ်ထဲမှာ သေသွားရင် နောက်ဘဝ ငါးဖြစ်သွားမလား အမေ” ဆိုတဲ့
စကားကိုတောင် ပြန်ကြားမိတယ်။ အဲ့စကားက သူတို့ ကျောင်းသားဘဝက လူတစ်ယောက် မြစ်ထဲ
ခုန်ချသွားတဲ့အကြောင်း ထမင်းဆိုင်မှာ ပြောနေမိတော့ ဆိုင်ပိုင်ရှင်သမီးက သူ့အမေကို
မေးတဲ့စကားပါ။ သူ့အမေကတော့ တောက်တီးတောက်တဲ့လို့ ပြောတယ်။ တကယ်တော့ သူလည်း
အဲ့မေးခွန်းရဲ့ အဖြေကို သိချင်ခဲ့တယ်။ သူက ကလေးမဟုတ်တော့ အဲ့မေးခွန်းမေးခွင့်
မရှိသလို ဖြစ်နေတယ်။ သူ့ဟာသူလည်း တစ်ခါတစ်ခါ မေးဖြစ်တာပေါ့။ အခုထိ
စိတ်ကျေနပ်လောက်တဲ့ အဖြေမရ။ မဲခေါင်မြစ်ထဲ ခုန်ချလိုက်ရင်ရော ငါးဖြစ်သွားမလား
သူသိချင်ပြန်လာတယ်။
အခုချိန်က
လူအတော်များများ တစ်နည်းမဟုတ် တစ်နည်း မြစ်ထဲ ခုန်ဆင်းချင်တဲ့စိတ်တွေ
ပေါက်နေတဲ့အချိန်။ ကိုယ့်အနီးကလူတွေရော အဝေးကလူတွေပါ မြစ်ရေလို ညစ်နေတဲ့စိတ်တွေနဲ့
တစ်ရက်ပြီးတစ်ရက် အားတင်းဖြတ်သန်းနေရတာကိုး။ စကားမပြောဖြစ်တာ ကြာပြီဖြစ်တဲ့
သူငယ်ချင်းဆီ ဖုန်းဆက်လိုက်ရင်လည်း စိတ်ဆင်းရဲစရာတွေက တိုးတိုးတစ်မျိုး
ကျယ်ကျယ်တစ်ဖုံ။ တလောက ကြားရတဲ့ သတင်းကတော့ သူ့ကို လှုပ်ခါလိုက်သလို ထိတ်သွားတယ်။
သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲက နှစ်ယောက် ကိုယ့်သဘောနဲ့ကိုယ် လောကကြီးထဲက
ထွက်သွားကြပြီတဲ့။ တချို့တွေလည်း အစိမ်းကြွေ ကြွေသွားကြတယ်။ တစ်ခါတစ်ခါ တချို့ Facebook page တွေရဲ့ wall မှာ သေပြီးသား သူ့အပေါင်းအသင်းတွေရဲ့ အကောင့်တွေ
မြင်ရရင် အခုထိ သူထိတ်လန့်ဆဲ။ မယုံနိုင်ဖြစ်နေဆဲ။ ဒါပေမယ့်လည်း တံတားအောက်က မြစ်ရေလို
အမှန်တရားတွေက နေ့တိုင်း စီးနေတာပဲ မလား။ သူလက်ခံခံ မလက်ခံခံ မှန်နေတဲ့အရာတွေ ဆက်မှန်နေဦးမယ်။
မြစ်ပေါ် ခပ်နိမ့်နိမ့် ဝဲကာပျံကာနဲ့ ရေထဲက ငါးကို ဆတ်ခနဲ သုတ်သုတ်သွားတဲ့ ဗျိုင်းနဲ့
ရေဘဲတွေကတော့ သူတို့ ထိမိတာ သတင်းကြီးတဲ့ မဲခေါင်မြစ်ကြီးရယ်လို့ သညာမှ ရှိပါလေစ။ မြစ်ကို
မသိသလို မြစ်ကရော ဘာဂရုစိုက်နေမှာလဲ။
အခုလည်း
တံတားပေါ် အားအားယားယား လာပြီး မြစ်အကြောင်း စဉ်းစားမိတဲ့ သူ့ကို မဆိုင်သလို မှုမနေဘဲ
မြစ်က ဆက်စီးသွားတယ်။ အမှန်တရားတွေလို ဆက်ပဲ စီးဆင်းမြဲ။ သူ့မှာသာ သူ့အတွေးနဲ့သူ စိတ်ရှုပ်လို့
မြစ်ဘေးထိုင် သပွတ်အူမျောတာနဲ့ ကြုံသကိုးလို့ တွေးမိတယ်။ လုပ်စရာတွေ ရုတ်ချည်း မရှိတော့တဲ့အခါ
သူဒီလိုပဲ ယောင်ချာချာ ဖြစ်သွားတတ်တယ်။
-
ငြိမ်းဝေမင်း