မြို့မငြိမ်းသီချင်းထဲက ပျော်ရွှင်မှု
(၁)
ထိုညက
ထုံးစံအတိုင်း မီးပျက်သည်။ ပူအိုက်တိတ်ဆိတ် မည်းမှောင်နေသောည ဖြစ်သည်။ ကျနော်သည် အိပ်မပျော်၍
တကျီကျီ လုပ်နေသည့် ၃ နှစ်အရွယ် သမီးငယ်ကို ချီပိုးလျက် သီချင်းတစ်ပုဒ်
ဆိုညည်းနေမိသည်။ ဘာရယ်မဟုတ် ဆိုမိဆိုရာ ဆိုညည်းရာမှ သီချင်းနှင့်အတူ ကျနော်သည်
ကြည်နူးစိတ်တို့ တဖိတ်ဖိတ်လက်လာသည်ဟု
ထင်မိသည်။ မှောင်၍ တိတ်သောညတွင် သမီးငယ်သည် ကျနော့်သီချင်းသံတိုးတိုးကို
နားဆင်လျက် နှလုံးငြိမ်မွေ့သွားပုံ ရသည်။ ကျနော်လည်း ဆိုမိသည့် သီချင်းဝယ်
အာရုံကျက်စားမိပြီး တေးပိုင်ရှင်ကို ကျေးဇူးတင်ကြည်ညိုစိတ်တို့ ပြည့်လျှံလာသည်။
ကျနော် ဆိုမိသည်မှာ မြို့မငြိမ်း၏ “ချစ်တာ ပဓာန” ဖြစ်သည်။
“တူနှစ်ကိုယ်
တဲအိုပျက်မှာ နေရ
ရွှေဘုံပေါ်မှာ
စံရ
ချစ်တာ ချစ်တာ
ပဓာနလို့ ဆိုချင်ပါတယ်”
ချစ်တာ ပဓာနသည် မြို့မငြိမ်းရဲ့ အစောဆုံး ကျော်ကြားခဲ့သည့် သီချင်းဟု ကြားဖူးသည်။ ကျနော် လူမဖြစ်ခင် ၄၅ နှစ်လောက်ကတည်းက ဆုံးပါးသွားရှာပြီ ဖြစ်သည့် မြို့မငြိမ်းအကြောင်းကို များများစားစား မသိခဲ့ဘဲ မြို့မငြိမ်းလက်ရာ သီချင်းတွေသာ ငယ်ဘဝကတည်းက နားထဲစွဲခဲ့ရသည်။ သုမောင် ဆိုထားသည့် “လူချွန်လူကောင်း” , “စစ်ကိုင်းတောင်” , “မေဓါဝီ” , “ပြုံးတဲ့မေ” စသည်တို့မှာ ကျနော် ကလေးဘဝက နားတသသ ဖြစ်ခဲ့ရသည့် သီချင်းတချို့ ဖြစ်ပြီး မြို့မငြိမ်းအကြောင်းကိုမူ အရွယ်အတော်ရောက်မှ ကြားရခြင်း ဖြစ်သည်။ မြို့မငြိမ်း၏ အနုပညာဂုဏ်ရှိန်ဝါအကြောင်း ၊ အနုပညာဖန်တီးမှု နဲ့ သူ့ အနုပညာခရီးအကြောင်း ဟိုကဒီက ဖတ်ခဲ့ရသည်။ လူထုဒေါ်အမာ ရေးသည့် “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်ကတော့ မြို့မငြိမ်းအကြောင်း အပြည့်စုံဆုံး ပြောပြပုံဖော်သွားသည့် စာအုပ်ဖြစ်မည် ထင်သည်။
စာအုပ်တွင်
မြို့မငြိမ်း၏ ပညာတတ်အနုပညာသည်ဂုဏ်ကို ဖော်ညွှန်းထားသည်ကို ဖတ်ဖူးသည်။
စန္ဒမုခီဘီလူးမက မြတ်စွာဘုရားအား သဒ္ဒါအားကြီးစွာဖြင့် သားမြတ်အစုံ လှူဒါန်းပုံကို
ရေးဖွဲ့ထားခြင်း ဖြစ်သည်။ မန္တလေးမြို့ဘွဲ့ “နန်းမြို့တော်” ဟူသည့် သီချင်း။
ထိုအထဲတွင် ဆရာငြိမ်း၏ ယဉ်ကျေး ကျင်လည်လှသည့် အဖွဲ့တစ်ခုကို ပြထားသည်။ ဘီလူးမသားမြတ်ကို
“ဖွံ့ဖွံ့ကြိုင်လန်း ဝတ်ပန်းအစုံ” ဟူသည့် အသုံးဖြစ်သည်။ မြန်မာစကားတစ်လုံးကို
အလှဆုံး အကျစ်လျစ် အခန့်ညားဆုံး ဖွဲ့နွဲ့ရာမှာ ဆရာငြိမ်း ဘယ်လောက်တော်သလဲဆိုတာကို
ပြနေသည့် လက်ရာထဲကတစ်ခုဟု ဆိုနိုင်မည် ထင်သည်။ ကျနော် အလွန်ကြိုက်သည့်
မြို့မငြိမ်း၏ “ကသစ်ပန်း” သီချင်းတွင်လည်း မြို့မငြိမ်း၏ မြန်မာစာကို
ဖတ်လိုက်ရသလို သမက်နဲ့ယောက္ခမ ဘောက်ကျပုံ ၊ သုဇိတာနတ်သမီးက လင်တော်မောင်
သိကြားမင်းနှင့် ဖခင်ဖြစ်သူ အသူရာနတ်မင်းကြီးတို့အကြား တည့်အောင်ပေါင်းနည်းကား
ပေးပုံကို တငြိမ့်ငြိမ့်ဟာသမြောက်အောင် ဖွဲ့နွဲ့ထားသည်ကိုလည်း ခံစားမိသည်။
မြန်မာမှု ၊ မြန်မာစာ နှင့် ပြောင်မြောက်ထူးခြားသည့် အဖွဲ့အနွဲ့ တင်ဆက်မှုတင်မဟုတ်ဘဲ ကမ္ဘာ့ဂန္ဓဝင် စာပေ ၊ သမိုင်းနဲ့ ခေတ်အမြင်မြောက် ထည့်သွင်းမှုကြောင့်လည်း မြို့မငြိမ်းကို ပညာတတ်အနုပညာရှင်အဖြစ် ပြောကြပုံရပါသည်။ အနုပညာအကြောင်း နကန်းတစ်လုံးမှ လိပ်ပတ်လည်မသိသည့် ကျနော့်လို အရပ်သားအဖို့ မြို့မငြိမ်းရဲ့ ကြီးမြတ်မှုကို ပြောဖို့ မဖြစ်နိုင်။ ပြောဖို့ မတတ်နိုင်သလို ပြောဖို့လည်း မရှိပါ။ ကျနော် ပြောလိုသည်မှာ မြို့မငြိမ်းသည် သီချင်းတစ်ပုဒ်ကို ရုပ်မြင်သံကြားခံစားမှု ပေးနိုင်ရုံတင်မဟုတ်ဘဲ နှလုံးသားထဲမှာ အပြန်အလှန် အမေးအဖြေလုပ် ခံစားရအောင်အထိ စွမ်းဆောင်နိုင်သည့်ပုဂ္ဂိုလ်ဆိုသည့် အချက်ပင် ဖြစ်သည်။
(၂)
တစ်ခါက ကျနော်သည် သံလမ်းမှတ်တိုင်သို့တိုင် ပေါက်သည့် အတွင်းလမ်းကြားလေးအတိုင်း MICT Park ရိုရာဘက်သို့ ထွက်ခဲ့သည်။ ထိုအချိန်က ဖေဖော်ဝါရီလဖြစ်၍ ဆောင်းသစ်ရွက်တို့ ရွက်နုထိုးတစ်ဝက် ကြွေတစ်ဝက် ကာလ။ အင်းစိန်လမ်းမကြီးသို့ မရောက်ခင် လမ်းကွေ့တစ်နေရာတွင် တရှဲရှဲ သစ်ခတ်သံ ကြားမိလိုက်သည်။ သစ်ရွက် လှုပ်သံသည် ကျွန်တော့်အရှေ့ ညောင်ပင်ဆီမှ လာခြင်းဖြစ်သည်။ လမ်းဘေး တိုက်နံရံအနီး ထိုညောင်ပင်ပေါ်က ညောင်ရွက်တို့ လှုပ်ခတ်ပုံမှာ လူတစ်ယောက် လက်ဖဝါးနှစ်ဖက်ထောင် ဖြန့်လျက်သား လက်ယှက်ယမ်းသလိုမျိုး။ သစ်ရွက်တို့ လေအလှုပ်မှာ ပွတ်တိုက်သွားတိုင်း ညောင်ရွက်တွေက အသံတစ်မျိုး မြည်သည်။ ထိုအသံသည် ကျွန်တော့်ခေါင်းထဲ သီချင်းတစ်ပုဒ်ကို အလိုလို မှတ်ဉာဏ်ဖော်ပေးလိုက်သည်။ ဆရာငြိမ်း၏ “အိမ်တော်ရာဘုရားဈေး”သီချင်းထဲက “လေပြေဆော်ပြန်လျင် ညောင်ရွက်သံ တရှဲရှဲ ဆည်းလည်းသံ ညံစီစီ အော် တွေးမိပြီ တွေးမိပြီ လောကရံသီ အိမ်တော်ရာစေတီ ဘုရားဈေးပြေးလို့မြင်နိုင်သည်” ဆိုသည့် စာသားပင်။
သီချင်းနှင့်အတူ ကျနော့်စိတ်မျက်လုံးထဲတွင် တက္ကသိုလ်တက်စဉ် ကျင်လည်ခဲ့ဖူးရာ မန္တလေးအဝန်းအချာ မြင်ကွင်းများ ၊ ဘုရားများ ၊ ဈေးချိုတော်နှင့် အနီး မှတ်ဉာဏ်ပုံရိပ်များ ၊ လမ်းများ ၊ တံတားများ ၊ ဘုရားဆည်းလည်းသံများ...။ ရန်ကုန်မြို့ လမ်းကြားတစ်နေရာထဲမှ ညောင်ပင်တစ်ပင်ရှေ့တွင် ရပ်နေမိရင်း ကျနော်သည် လက်ရှိ၏ ဖိစီးမှုများ ၊ မွန်းကြပ်အခံရခက်ခြင်းများ ၊ စားသုတ်သုတ် သွားသုတ်သုတ် အလုပ်ရှုပ်ခြင်းများ အားလုံးကို ထားပြီး ငြိမ်းအေးမှိန်ပြသည့် မန္တလေး၏ အလှပန်းချီများရှိရာဆီ စိတ်ရောက်သွားခဲ့သည်။ ထိုစိတ်နှင့်အတူ ပစ္စက္ခတ်ဘဝ၏ အဆင်မပြေမှုများ ၊ နောက်ကျိခြင်းများကို ဆေးကြောလျှော်ဖွပ်လိုက်သလို လင်းလင်းချင်းချင်း ဖြစ်သွားခဲ့သည်။ ချိုမြိန်သည့်အမှတ်ရဖွယ် သီချင်းတစ်စကြောင့် ထိုနေ့က ကျနော့်စိတ် ငြိမ်းအေးရာရခဲ့သည်ဟု ပြောချင်ပါသည်။
(၃)
နောင်များမှာ ကျနော်သည် မြို့မငြိမ်းသီချင်းများကို အရင်ထက်ပို နှလုံးစိမ့်ခံစား နားဆင်ဖြစ်ခဲ့သည်။ မာမာအေး ဆိုသည့် “မန်ဒါလီ” , “တစ်ချစ်တည်းချစ်”, ဝင်းဦး ဆိုသည့် “အိမ်တော်ရာဘုရားဈေး” , “ရေချိုးဆိပ်” , “မပြီးသေးသော ပန်းချီကား”, “နတ်ရှင်နောင်” , ကိုအံ့ကြီး ၏ “ စစ်ကိုင်းတောင်” , ခင်မောင်တိုး ပြန်ဆိုသည့် “ပြုံးတုံ့လှယ်” , “ငွေဇင်ယော်” စသည်စသည်တို့ကို ခံစားနိုင်ခဲ့သည်။ တခြားလည်း ရှိသည်ပါပဲ။
မြို့မငြိမ်းသီချင်းများကို နားထောင်သည့်အခါ ကျနော့်မှာ ထူးဆန်းသည့် ခံစားမှုတစ်မျိုး
ရတတ်သည်။ ထိုခံစားမှုသည် ပျော်ရွှင်မှု , ကြည်နူးနှစ်သိမ့်ခြင်း ,
အတိတ်၏ချမ်းမြေ့ဖွယ်ရာတို့ကို အမှတ်ရမိခြင်းတို့ ရောထွေးနေသည့် စိတ်အလျဉ်တစ်မျိုး
ဖြစ်သည်။ အားတက်စရာအဖြစ် ရေးသည့် ပြုပြင်ရေးသီချင်း “လူချွန်လူကောင်း” မှာပင်
ကျနော်သည် ပျော်ရွှင်မှု ခပ်သဲ့သဲ့ကို ခံစားရသည်။ ရွှင်လန်းမှုသည် သီချင်းထဲမှသည်
ကျနော့်ဘဝထဲ လေညင်းတစ်စသယ်လာသလိုမျိုး ဝင်ရောက်လာတတ်သည်။ ထိုအခါတွင် ကျနော်သည်
ဘဝအမောတို့ကို မေ့လျော့ထားနိုင်ခဲ့သည်။ ဘဝထဲက သက်သာရာကို ရှာတွေ့နိုင်ခဲ့သည်။
ကျနော်တို့ နေ့စဉ်ဘဝထဲက မသေချာမှုကြောင့် ဖိစီးချက်တို့ကို ယာယီဖယ်ခွာနိုင်ခဲ့သည်။
သမီးကို ချီပိုးရင်း သီချင်းဆိုချိန်၌လည်း ကျနော်ကိုယ်တိုင်
ပျော်ရွှင်နိုင်ခဲ့သည်။ ထို့ကြောင့်ပင် မြို့မငြိမ်းကို ချစ်ခင် ကျေးဇူးတင်မိခြင်း
ဖြစ်သည်။
တစ်နေ့က “တိမ်လွှာမို့မို့လွင်” ကို နားထောင်ဖြစ်သည်။ ကြည်နူးဖွယ်ရာတို့ကို နူးနူးညံ့ညံ့ ထိထိရှရှ တင်ဆက်ပြသွားသည့် သီချင်းဖြစ်သည်။ တိမ်လွှာမို့မို့လွင်သည် မြို့မငြိမ်းသီချင်းများထဲတွင် အရိုးရှင်းဆုံး ၊ နားလည်ရအလွယ်ဆုံးနဲ့ လူတိုင်း ခံစားနိုင်စွမ်းလက်လှမ်းအမှီဆုံး သီချင်းဟု ကျနော်ထင်သည်။ တိမ်လွှာမို့မို့လွင်ထဲက တိမ်လွှာလေးတို့ ို့းလွှားပုံက ရင်တလှပ်လှပ် ဖြစ်စဖွယ်ပင်။ တိမ်သား မိုးသိမ့်သိမ့်တို့ စီးမျောရာ တိမ်လွှာမို့မို့လွင်သည် ကြည်နူးညွှတ်နူးဖွယ်ရာအပြည့်။ ထိုကြည်နူးမှုထဲမှာမှ အဖော်ဝေးကွာသူတို့၏ အလွမ်းဓါတ်ကို ခပ်သဲ့သဲ့လေးလည်း လှမ်းမြင်ရသည်။
ကြည်နူးပျော်မြူးဖွယ်ရာ
တိမ်လွှာမို့မို့လွင်သည် ဆရာငြိမ်း၏ နောက်ဆုံးလက်ရာ ဖြစ်သည်။ ထိုသီချင်းသည်
အနုပညာသည်တစ်ယောက်၏အရေးကြီးဆုံး အခိုက်အတန့်လက်ရာလည်း ဖြစ်သည်။ သို့သော် ကျနော့်အဖို့
တိမ်လွှာမို့မို့လွင်သည် ဆရာငြိမ်း၏ ဝမ်းနည်းဖွယ်ရာအကောင်းဆုံး , လူတစ်ယောက်၏ အဆုံးစွန်သော
ဝိညာဉ်သဖွယ် လွင့်မျောသင်းကွဲမှုဟု ထင်လာသည်။ အကြောင်း နောက်ခံကြောင့်လည်း ဖြစ်နိုင်သည်။
လူထုဒေါ်အမာရေးသည့်
မြို့မငြိမ်းရုပ်ပုံလွှာထဲတွင် ဆရာငြိမ်း၏ နောက်ဆုံးအချိန်အကြောင်း စာမျက်နှာများကို
ဖတ်ကြည့်ပါ။ အလွန့်ကို စိတ်ထိခိုက်ဖွယ်ရာဖြစ်သည်။
“ဆရာငြိမ်းသည် မြို့မအဖွဲ့၏ ပထမဆုံးဥက္ကဋ္ဌ ဦးတော်လုံ မြှုပ်နှံထားရာ တက်သေးအင်း တရုတ်သင်္ချိုင်းသို့လည်း တခါတရံသွား၍ ပုတီးစိပ်တတ် ကန်တော့တတ်သည်။ ဆရာငြိမ်းသည် သူစိတ်မကြည်မလင်ရှိသည့်အခါ ဘုရားကြို ကျောင်းကြား ဆိတ်ငြိမ်ရာများသို့၎င်း၊ နန်းတော်ရှေ့ဆရာတင်၏ အုတ်ဂူရှိရာ အုတ်စက်သင်္ချိုင်းနှင့် ဂေါ်ရာသင်္ချိုင်း၊ ရွာဟိုင်းသင်္ချိုင်း စသည်များသို့၎င်း သွားထိုင်နေတတ်၊ ပုတီးစိတ်နေတတ်သည်။ ထိုနေ့မနက် လင်းအားကြီးကလည်း ဦးတော်လုံ၏အုတ်ဂူသို့သွားရောက်သေးဟန်ရှိသည်။ ပြီးမှ တက်သေးအင်းသင်္ချိုင်း၏ မြောက်ဖက် တဖာလုံအကွာခန့်တွင်ရှိသော တမာပင်အောက်မှ ဝါးကွပ်ပျစ်တွင် ထိုင်လာပုံရသည်။
ဆရာငြိမ်းကို ထိုအလုပ်သမားရပ်ကွက်မှလူတွေက ၎င်းတို့နိုးစ မနက်လင်းကပင် ဝါးကွပ်ပျစ်ပေါ်ထိုင်နေသည်ကို မြင်ကြသည်။ သူထိုင်နေသည့်ရှေ့ ဝါးနှစ်ရိုက်ခန့်အကွာတွင် မြေလမ်းတလမ်း ရှိသည်။ ဤမြေလမ်းအတိုင်း အနောက်တောင်သို့သွားလျှင် အုတ်ဖုတ်သည့် အုတ်စက်များရှိရာသို့ ရောက်သည်။ မနက် ၈ နာရီအချိန်ခန့်တွင် မြို့ထဲသို့ အုတ်များပို့၍ ပြန်လာသည့် ကားတစီး စိန်ပန်းလမ်းမှ တောင်ဖက်ချိုးပြီး အုတ်စက်သွားလမ်းအတိုင်း မောင်းလာသည်။ ဤကားသည် ဆရာငြိမ်းထိုင်နေရာအနီးသို့ ရောက်အလာတွင် ဆရာငြိမ်းသည် ထိုင်ရာမှ ထပြေးလာပြီး ကားအောက် ခေါင်းထိုး၍ ခံလိုက်သည်။
ကားပေါ်တွင်ပါလာသည့် အုတ်သယ်အလုပ်သမားများက မြင်သောကြောင့် ဝိုင်းအော်ကြပါသေး၏။ သို့သော် ကားက ဘရိတ်မအုပ်နိုင်တော့။ ခေါင်းကိုပင် တက်နင်းမိသည်။”
ဆရာငြိမ်း၏ ဘဝနောက်ဆုံးအချိန်ကို ဘဝနေဝင်လို့ မသုံးနှုန်းသင့်ဟု ထင်သည်။ ဆရာငြိမ်း၏ဘဝ နေဝင်သည်မှ မဟုတ်ပဲလေ။ သို့သော် ကျနော်သည် ဆရာငြိမ်းလို စကားလုံးမဖန်တီးတတ်သူဖြစ်၍ ဘယ်လိုသုံးနှုန်းရ အကောင်းဆုံးဖြစ်မလဲ မတွေးတတ်။ အုတ်စက်ကားအောက် ခေါင်းထိုးမခံခင် နောက်ဆုံးချန်ထားရစ်သည့် တိမ်လွှာမို့မို့လွင်ကို သီဆိုဖြစ်သည့်အခါ အရင်လို မပျော်ရွှင်ဖြစ်တာ သေချာပါသည်။ ကျနော်သည် ပြောမပြတတ်သော နှမြောတသမှု ၊ စာနာခံစားမှု ၊ ဝမ်းနည်းမှုတို့ စိမ့်ဝင်ခံစားမိသည်။
ပျော်ရွှင်ခြင်းသည်
တစ်ခါတစ်ရံ ကျနော်တို့ ထင်မထားသည့် ခံရခက်မှုများ ၊ လူမှုပြဿနာနှင့် ဆင်းရဲဒုက္ခတို့ပေါ်မှာ
ပေါလောပေါ်နေသော ပွင့်ဖတ်လေးတစ်ခုနှင့် တူပါသည်။ ထိုပွင့်ဖတ်သည် ညစ်ပတ်နေသည့် ကန်ရေအိုင်ထဲတွင်
အထီးတလည် ဝဲကာဝဲကာ ဟိုဒီရွေ့နေသလိုမျိုး။ သို့သော်လည်း ကျနော်တို့သည် ဘဝထဲ၌ ပျော်ရွှင်ချမ်းမြေ့ခြင်းများ
ရှိကြောင်းကို ရေကန်ညစ်ပတ်ထက်က ပန်းဖတ်ပွင့်ချပ် တစ်ခုတလေကို လက်ညှိုးထိုးကာ ပြပြီး စိတ်သက်သာရာ
ရှာလို့ရနိုင်ပါသည်။ ကျနော်တို့ဘဝသည် ထင်သလောက် မဆိုးကြောင်း ၊ စိတ်ပျက်စရာတွေထဲမှာ
ချမ်းမြေ့ရာရာ ရှိကောင်းပါကြောင်း သက်သေညွှန်းဆိုစရာတော့ ဖြစ်နိုင်ပါသည်။ ထိုသို့ သက်သေညွှန်းစေစရာအတွက်
အနုပညာပေါ်လာသည်ဟု ထင်ပါသည်။ လူတို့ ဖန်ဆင်းသမျှထဲတွင် ဒုက္ခပင်လယ်၌ သက်သာရာသက်သာကြောင်း
၊ မရောက်ဖြစ်သည့် နိဗ္ဗာန်အတွက် နမူနာညွှန်းချက်လို့တောင် ပြောပြချင်ပါသည်။ ထိုသို့
ပြောက လွန်ကောင်းလည်း လွန်နိုင်ပါမည်။ သို့သော် မတတ်နိုင်ပါ။
ကျနော် ထိုသို့ ပြောရပါမည်။ အထူးသဖြင့် မြို့မငြိမ်းသီချင်းများ နားထောင်မိသည့်အခါ , ပြန်တွေးတော ခံစားမိသည့်အခါ ထိုသို့ပင် ပြောရပါမည်။ ပျော်ရွှင်ခြင်းသည် လူမှုဒုက္ခအသိုက်အအုံထဲတွင်လည်း ပန်းတစ်ပွင့်လို မွှေးပျံ့အောင် ဖန်ဆင်းနိုင်ကြောင်း မြို့မငြိမ်းက ပြောပြသွားသည်ဟု ယုံပါသည်။ ထိုယုံကြည်မှုသည် လက်ရှိ ပစ္စက္ခဘဝ၏ ခပ်ကြမ်းကြမ်း ဆုပ်နယ်နှိပ်စက်ချက်တို့ကို ခေါင်းမော့ရင်ကော့ခံရာတွင် အလွန်အသုံးဝင်ပါသည်။ ကျနော် မြို့မငြိမ်းကို လွမ်းနေပါသည်။ လွမ်းလည်း လွမ်းလောက်ပေသည်။